`ကောင်းသောနေ့ ပါ ကွာ၊ ငါဒီနေ့ သိတ်ပင်ပန်းနေတယ်ဆိုတာ မင်းသိပါလေစ´`မင်းအတွက်လည်း ကောင်းသောနေ့ဖြစ်ပါစေ၊ ငါလည်း ဒီနေ့ သိတ်မထူးပါဘူး၊ လေ့လာရတာတွေမှာ သိတ်မခက်ခဲပေမယ့် သင်ကြားချိန်တွေမှာ အတော်ကလေး ဦးစားမိတယ်´`ငါမင်းကို တစ်ခုပြောရဦးမယ်၊ ဒီနေ့ ဘာနေ့လဲ ဆိုတာ မင်းသိရဲ့လား´`သိတယ်လေ၊ သောကြာနေ့´`မဟုတ်ဘူးကွ ၊ငါဆိုလိုချင်တာက မင်းနဲ့ ငါပတ်သတ်ခဲ့တဲ့ အချိန်တွေထဲကမှ အထူးနေ့ ဖြစ်နေတာကို ဆိုလိုတာ´`ဘာများပါလိမ့် မင်းစကား ကြားရတာ အထူးအဆန်းဘဲ´
`ဒီလိုလေကွာ၊ ဒီနေ့က မင်းနဲ့ ငါလိုင်းပေါ်မှာ ဆုံတွေ့ တဲ့ကာလ တစ်နှစ်မြောက်တဲ့ နေ့ဆိုတာ မင်းမမှတ်မိတာလား သတိမထားမိတာလား´ `နှစ်ခုစလုံးမဟုတ်ဘူးကွ၊ မင်းပြောမှဘဲ ငါသတိထားမိတာ။ င့ါအလို သာဆို အမှတ်တောင် ရပါ့မလားဘဲ….။သတိပေးတဲ့ မင်းကို သိတ်ကျေးဇူး တင်တယ်။´`ကဲ ကျေးဇူးတွေ ခဏဘေးချိတ်ကွာ၊လောလောဆယ် ငါနားချင်နေပြီ။ ပြန်တော့မယ် ပျော်ရွှင်ပါစေ´`ထပ်တူထပ်မျှပါဘဲကွာ ၊မင်းလည်း ပျောရွှင်ပါစေ´။ ။
အင်တာနက်ကဖေး တစ်ခုမှာပါ။ဖိုးဥာဏ်နဲ့ တစ်ဖက်က ဒိုင်ခံပြောဆိုနေသူကတော့ ကျောင်းတက်နေတဲ့ သူတစ်ယောက်ဆိုတာ အပြင် ဘာမှမသိရပါဘူး။ ကောင်လေးလား ကောင်မလေးလား ဆိုတာလည်း မသိရသလို ဘယ်မှာနေထိုင်သလဲ ဆိုတာပါ မသိသေး..။ဖိုးဥာဏ်ကလည်း အင်တာနက်ဆိုတာကို အင်တာနက် လိုဘဲ သလောထားတယ် မဟုတ်လား။ ပြင်ပလောကကိုလည်း သူကထုတ်မယူချင်သလို ဒီ့ထက် ပိုပြီးတော့လည်း သိချင်စိတ် မရှိဘူးလေ။ အင်တာနက်ထဲက ဖိုးဥာဏ်ရဲ့ နာမည်ပြောင်က ကြယ်လေး၊ တစ်ဖက်လူရဲ့ နာမည်ကတော့ လမင်းတဲ့။
တစ်ပတ်မှာ အနည်းဆုံးတစ်ရက်တော့ ဖိုးဥာဏ် အင်တာနက်ကို ပုံမှန်အသုံးပြုသည်။ ချက်တင်ထိုင်တာကတော့ နာရီဝက် အလွန်ဆုံး အသုံးပြုလှ တစ်နာရီပါဘဲ..။များသောအားဖြင့်တော့ ၀က်ဆိုက်တွေတစ် ခုပြီးတစ်ခု လျှောက်သွားဖြစ်တာ ဘဲများသည်..။ဒီနေ့လည်း အားအားနဲ့ ဘလော့တွေ အကြောင်း လိုက်ကြည့်နေခဲ့တာ တစ်နာရီ သာသာလောက် အချိန်ဖြုန်းခဲ့ ပြီးပြီ…။ဖိုးဥာဏ်တွေးမိတာက ဒီနေ့ လမင်း လိုင်းကို လာမည်မထင်တော့..။ဘာကြောင့်ဆို တနင်္ဂနွေနေ့မဟုတ်လား..။ကျောင်းပိတ်ရက်ဆိုတော့ နားနားနေနေ နေမည်ထင်မိတာဘဲ..။ဖိုးဥာဏ်ရဲ့ သူငယ်ချင်း တစ်ယောက်ကတော့ သူ့လို မဟုတ်ပါ..။လိုင်းပေါ်မှာ ရည်းစားလိုလို ဘာလိုလို ကောင်မလေးတွေ အတော်ပေါသည်..။နိုင်င့တကာလည်းစုံသည်..။နောက်ပြီး အဲဒီ့သူငယ်ချင်း က ဟက်ကာ ပိုင်းလည်း နည်းနည်း လက်လှမ်း မီတာဆိုတော့ တစ်ခါတစ်လေမှာများဆို ဆရာသမားကို စကားတောင် အတော်ကလေး ကြည့်ပြောရတာ..။တစ်ခါတုန်းကဆို သူ့ကောင်မလေး တစ်ယောက်ကို အချစ်အကြောင်း နည်းနည်း သွားပြောမိတာ ၊ဘာပြောကောင်းမလဲ ကိုယ့် ဂျီမေးလ်ကြီး တစ်ခုလုံး သုံးမတော့လောက်အောင် အဖျက်ခံလိုက်ရတာ..။အတော်ဆိုးတဲ့ ကောင်။ ညနေက ဆရာသမားနဲ့ လိုင်းမှာတွေ့တော့ သူကပြောတယ်..။`ဟေ့ရောင် ၊ဖိုးဥဏ်´`ဝေ့..၊ဘာလဲပြော´သူတို့က အဲလိုဘဲ နောက်နေကျလေ`မင်းလည်း လိုင်းမှာ ချက်တင် ကိုသုံးနေတာ အတော်တောင် ကြာနေပြီ..၊ခုချိန်ထိ ဂေါ်မစွံ သေးဘူးလားကွ´`ဟေ့အေး..၊ငါလိုင်းပေါ်မှာ ဒါတွေ စိတ်မ၀င်စားဘူး။ အပြင်မှာ တွေ့ရတာမှ မဟုတ်ဘဲကွာ´တွေ့တိုင်း ဒီကောင်ဒါချည်းဘဲ မေးတာ..။ကြာတော့ စိတ်တောင်ပျက်မိတယ်။ ဒါလည်း မရပါဘူး.၊ဆရာသမားက လိုင်းပေါ်မှာ ခင်တဲ့ သူငယ်ချင်းအားလုံးကို သူ့လိုဘဲ နေစေချင်ပုံ ရတယ်။အဲဒီ့ သူငယ်ချင်း ပြောသလို နေထိုင်နေကြတဲ့ ယောင်္ကျားလေး ၊မိန်းကလေး တွေမြန်မာနိုင်ငံမှာရော ပြည်ပမှာပါ နည်းမှမနည်းဘဲ..။ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ..၊ဖိုးဥဏ်ကတော့ အချစ်ဆိုတာကို လိုင်းပေါ်မှာ ရှာဖို့ကိုတော့ ဘယ်တော့မှ အားမပေးဘူး၊ဘာကြောင့်ဆို သူကမည်သူနှင့်မျှမတူတဲ့ လူတစ်မျိုးမဟုတ်လား..။
`ကြယ်လေး၊ငါဒီလကုန်ပိုင်းလောက် မြန်မာနိုင်ငံကို အလည်ပြန်လာဖြစ်မယ် ထင်တယ်´`ဒါဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ လမင်းရယ်၊ ငါလည်း အခွင့်ရှိမယ်ဆို မင်းနဲ့အပြင်မှာ ဆုံတွေ့ကောင်း ဆုံတွေ့နိုင်တာပေါ့´`အသေအချာပေါ့ကွာ ငါဘာကြောင့် လာမှာလဲ ဆိုတာကိုရော မင်းမသိချင်ဘူးလား´`မင်းပြောပြမယ်ဆိုရင်တော့ ငါသိခွင့်ရမှာပေါ့´`ကြယ်လေး မင်းအတော်စကား တတ်ပါလားကွ၊ဒါကြောင့် ငါမင်းကို အားလုံးထက် ပိုခင်တာ။အမှန်တော့ ငါအလည်လာမယ့် ကိစ္စကလည်း မင်းကြောင့်ဘဲ´`ငါ့ကြောင့်´`ဟုတ်တယ်…၊မင်းကြောင့် ။မင်းနဲ့ အပြင်မှာ တွေ့ဆုံချင်လို့ ကိုဘဲ ငါလာခဲ့မှာ´။ တကယ်ဆို ဖိုးဥာဏ်ရဲ့ အင်တာနက် အသုံးပြုတဲ့ သက်တမ်း တစ်လျှောက် လုံးမှာ တစ်နေ့ ဒီလို ဖြစ်လာမယ် လို့အိမ်မက်တောင် မမက်ခဲ့ ဖူးပါဘူး..။ဒါကဖြစ်မှ မဖြစ်နိုင်တာဘဲကိုး..။ခုတော့ ထင်တာနဲ့ တစ်သီးတစ်ခြားဆီ ဖြစ်လာခဲ့ ရပြီ..။
နွေရဲ့ညနေခင်းက ဦးပိန်ကို အမျိုးအမည်ဝေခွဲမရတဲ့ ဆေးရောင်စုံတွေနဲ့ တစ်ရောင်ပြီးတစ်ရောင် အထပ်ထပ် လိမ်းခြယ်နေတော့တာဘဲ..။ဖိုးဥာဏ်ရဲ့ဘေးမှာ ဆေးခွက်တွေ ဖျဉ်စတွေနဲ့ အလုပ်ရှုတ်လို့ ကောင်းနေတုန်း ဆိုင်ကယ်လ် ဟွန်းသံရှည် တစ်ချက်က သူ့နားထဲမှာ ကိုးလို့ကန့်လန့်..။အသံလာရာဆီ လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် သူ့ဆိုင်ကယ်လ်ပေါ်မှာ အငြိမ့်သား ထိုင်ပြီး သူ့ကိုလက်လှမ်းပြနေတယ်..။သူမကို ဖိုးဥာဏ်မသိပါ၊ တစ်ခါဖူးမျှလည်း မမြင်ဖူးဘူး..။သေချာတာကတော့ သည်ကောင်မလေး အတော်လှသည်……..။
`ငါနင့်ကိုလာခေါ်တာဟ´`ဘယ်လို၊ငါသိတ် နားမရှင်းဘူး´`ဒီလိုလေ၊နောက် အလွန်ဆုံးကြာရင် ငါးလပေါ့ ..၊ပြီးရင် ငါပြန်မယ်´`အင်း ၊အဲဒီ့တော့´`အဲဒီ့တော့ ငါမပြန်ခင်မှာ နင့်အတွက် လုပ်စရာ ရှိတာတွေ အကုန်လုပ်ရမှာပေါ့..၊ဟိုမှာ နေဖို့ထိုင်ဖို့နဲ့ ကိစ္စအ၀၀ အတွက်တော့ နင်ဘာမှ ပူစရာ မလိုဘူး..။ဟိုမှာလည်း ငါ့စီးပွားရေး အချို့ ရှိတာဆိုတော့ နင်အလုပ်လုပ်ချင်လည်း ရတယ်၊ မလုပ်ချင်ဘူး ကျောင်းတက်ချင်တယ် ဆိုလည်း ငါလုပ်ပေးနိုင်တယ်။ဒီတော့ နင်ငါနဲ့ တစ်ခါတည်း လိုက်ခဲ့လိုက်ဖို့ကို ပြောတာ။ ဘယ်လို သဘောရလဲ´`ကောင်းပြီလေ၊ ဒါပေမယ့် ချွင်းချက်တော့ ရှိတယ်´`ဘာများလဲ´`ငါ့ကို စဉ်း စားဖို့ အချိန်အနည်းဆုံး တစ်လတော့ ပေးလေ´`သဘောလေ..၊ကိစ္စမရှိဘူး ငါနင့်ကို စဉ်းစားဖို့ အချိန် နှစ်လပေးမယ်..။´
တစ်ကယ်တော့ ဖိုးဥာဏ်ဆိုတဲ့ ကောင်ဟာ တစ်ကောင်ကြွက်တစ်ယောက် မဟုတ်လား..။ခင်မင်တဲ့ သူငယ်ချင်းအချို့နဲ့ အိမ်မှာ မွေးထားတဲ့ ခွေးလေးတစ်ကောင် ကလွဲရင် သူ့မှာ ခင်တွယ်စရာ ဆိုလို့ စာအုပ်အချို့၊လက်ရှိသုံးပြုနေတဲ့ ခေါက်ကွန်ပျူတာ တစ်လုံး အပါအ၀င် ပန်းချီရေးတဲ့ ဒေါက်စင်တစ်ခု၊ဒါဘဲရှိတာ..။အတူနေ အခန်းဖော် တွေကတော့ ဒီအကြောင်းတွေ သိရတော့ ဖိုးဥာဏ်ကို အတော်ကံကောင်းတဲ့ ကောင်လို့ သတ်မှတ်ကြတယ်လေ..။အမှန်တော့ သူကံသိတ်ကောင်းတဲ့ သူတစ်ယောက်မဟုတ်သေးပါ..။ အများအမြင်မှာ မည်သို့ပင် ကံကောင်းသည်ဆိုစေ၊ သူကတော့ဖြင့် ကိုယ့်မြေ ကိုယ့်ရေ ကိုပစ်ပစ်ခါခါ ကြီးတော့ မလုပ်ရက်…။ဘယ်လိုလုပ်ရပါ့မလဲ..။အဆောင်ရဲ့ စားတော်ကဲ ဆိုလည်းဟုတ် စားဖိုဆောင်မှုးဆိုလည်း မမှားတဲ့ မသိန်းမေကဆို ဖိုးဥာဏ် နိုင်ငံခြားကို ထွက်သွားတော့မယ် ဆိုလို့ ငိုလိုက်တာ..၊အဆောင်နေသူချင်းကတောင် ဒီလိုပြောကြတယ် `အဒါဖိုးဥာဏ် မို့လို့ပေါ့ကွာ ငါတို့သာ ဆိုရင်လား ကြွကြွဒါမှ ထမ္မင်းချက်ရ သက်သာမှာလို့ ပြောမှာ အမှန်ဘဲ´..။သူတော်ချင်းချင်း သတင်းလွင့်လွင့် ဆိုတာခုတော့ သိတ်မှန်တာဘဲ..။အလုပ်မှာလည်း အလုပ်မှာမို့ အဆောင်မှာလည်း အဆောင်မှာမို့ လမင်း ကလည်း နေ့တိုင်းတစ်ရက်မှ ပျက်တယ်ရယ်လို့ မရှိဘူး..။အဆောင်ကိုလည်း နေ့တိုင်း လာခေါ်တင် မက လက်ဆောင်ဆိုတာလည်း အမြဲလိုလို ပါလာတတ်တာ မဟုတ်လား..။ကြာတော့ ဖိုးဥာဏ်လည်း ရှက်လာမိတယ်..။စိတ်ထဲမှာလည်း မပျော်ရွှင် သလို ဖြစ်လာမိတာ အကြိမ်ကြိမ်၊ ဒီကြားထဲ မသိန်းမေက သာတောင်ဆိုးသေး..။တွေ့တိုင်း မလိုက်ဖို့ အကြောင်းဘဲ တရားချနေတော့တာ…..။ဒီလိုနဲ့ အချိန်နှစ်လဆိုတာ ဘာမှန်းတောင် မသိလိုက် ဖာသိဖာသာ ပါဘဲ……။
ကော်ဖီဆိုင်လေး တစ်ခုထဲမှာပါ..။ဒီဆိုင်လေးက အမြဲလိုလို လူရှင်းနေတာဆိုတော့ စုံတွဲလေး တွေရဲ့အကြိုက်ဆိုရင်လည်း မမှားဘူးပေါ့လေ..။ဆံပင်တိုတို ညှက်ထားတဲ့ ကောင်မလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်မှာထိုင် နေတဲ့ ကောင်လေးတစ်ယောက်..။ဘာတွေ ပြောနေကျမှန်းတော့ မသိဘူး..။ကောင်လေး ဖြစ်တဲ့သူက အေးအေးဆေးဆေး စကားတွေ တစ်လုံးချင်းဆီ သူ့ ကောင်မလေး ကိုပြောပြနေတယ်..။သိတ်မကြာပါဘူး ကောင်မလေး ဖြစ်တဲ့ သူဆီက အသံတစ်သံ ထွက်လာတယ် `ဘာ..၊ဘာပြောလိုက်တယ်´ပြီးတော့ ကောင်မလေးရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့..။ကောင်လေးကတော့ မတုန်မလှုပ်ပေါ့..။သူတို့နှစ်ယောက် အတော်ကလေး ကြာအောင် စကားတွေ အပြန်အလှန် ပြောနေကြပါသေးတယ်…။နောက်….၊အတော်ကလေး ကြာအောင်လည်း တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း မဆုံကြဘဲ တိတ်ဆိတ်လို့..။.ခဏနေတော့ ကောင်မလေးက အရင်ဦးအောင်ထွက် သွားတယ်..။ကောင်လေးလည်း အတော်ကြီးကြာမှ ထပြန်သွားတယ်…။ဆိုင်ကောင်တာမှာ ထိုင်နေတဲ့ အမျိုးသမ္မီး ကြီးကတော့ သူ့ဆိုင်က စားပွဲထိုး ကောင်မလေးတွေကို ပြန်ပြောနေသံက ဒီလို `နင်တို့လဲ ကြပ်ကြပ် သတိထားကြ၊ အဲဒါသမ္မီးရည်းစာ အဆင်မပြေတဲ့ လက္ခဏာ တွေဘဲ၊ တစ်ချိန် အဲလိုမဖြစ်အောင် နမူနာယူထားဖို့ ပြောနေရတာ´တဲ့…………..။
ဦးပိန်ကြီးကတော့ ထုံးစံတိုင်း လှမြဲလှနေတုန်းပါဘဲ..။ရေးရေး မြင်နေရတဲ့ မြတ်ဆွယ်တော် နဲ့ တံတားပေါ်က ကျောင်းသားအချို့ရဲ့ နေ၀င်ဆည်းဆာကတော့ ဖြင့် ဟောသည့်လောကမှာ ဘယ်နေရာ ဘယ်ဒေသမှာမှ ထပ်တူကျနိုင်လောက်မယ် မထင်မိပြန်ဘူး..။တစာစာအော် သွားတယ် ခေါင်းရွက် အကြော်သည်လေးတွေရဲ့ကြားမှာ ဖဉ်စပိတ်ကားချက်နဲ့ ပန်းချီဆွဲ နေတဲ့ ကောင်လေး တစ်ယောက်၊သူ့ဘေးမှာ ဂစ်တာ တစ်လက်နဲ့ ခွေးလေးတစ်ကောင်က လျှာလေး တစ်လစ်တစ်လစ်နဲ့ သခင်ကို မော်ကြည့်လိုက် ဟိုငေးဒီငေးလိုက်နဲ့ မြင်ရသူတိုင်းအတွက် ကဗျာဆန်ချင်စရာပါ..။ဒါပေမယ့် ဘယ်သူမှမမြင်နိုင်တဲ့ အဲဒီ့ကောင်လေးရဲ့ ရင်တွင်း ကျောက်ဖြစ်နေတဲ့ရုပ်ကြွင်းတွေ၊ ရွှဲရွှဲစိုနေတဲ့ မျက်ရည်မြစ်အချို့ ၊ဒါတွေကို ဘယ်သူကရော သတိထားမိပါ့မလဲ..။ကောင်လေးက သူ့ခွေးလေးကို ကြည့်ပြီး စကား အချို့ပြောလိုက်တယ်`မင်းကိုငါက မချစ်လို့မှမဟုတ်ဘဲကွာ..။ဒါပေမယ့် အချစ်တစ်ခု အတွက်နဲ့ ငါ့ပတ်ဝန်းကျင် ငါ့ဝါသနာ ၊ငါ့ကိုးကွယ်မှုကို ပြောင်းလဲပစ်ဖို့ လောက်အထိကတော့ ငါမ၀ံ့ရဲ နိုင်တာ ငါ့ကို ခွင့်လွှတ်ပေးပါ ကောင်မလေးရယ်..။ငါမင်းကို ရင်နှင့်အမျှချစ်ခဲ့ပါသော်လည်း…………၊……….၊………၊´။ ။
Sunday, September 21, 2008
ရင်ထဲက လမင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment